ကျွန်တော့် ဘလော့လေး ကိုလာလည်တဲ့ မိတ်ဆွေ အားလုံးကို ကြိုဆိုပါတယ်ဗျာ ....

Wednesday, June 16, 2010

စရိတ်နည်း လေကြောင်းလိုင်း ကွာလာလမ်ပူ - ရန်ကုန် ပြေးဆွဲမည်

စရိတ်နည်း Air Asia လေကြောင်း လိုင်းသည် ကွာလာလမ်ပူ - ရန်ကုန် ခရီးစဉ်ကို လာမည့် ဇူလိုင်လ ၂၀ ရက်နေ့မှ စတင် ပြေးဆွဲရန် စီစဉ်ထားကြောင်း အဆိုပါ လေကြောင်းလိုင်းက ယမန်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

ခရီးစဉ် ပြေးဆွဲမှု အစောပိုင်းတွင် အထူး ဈေးနှုန်း အနေဖြင့် အသွား ခရီးစဉ် လက်မှတ် တစောင်လျှင် မလေးရှားငွေ ၂၉ ရင်းဂစ် (အမေရိကန် ၉ ဒေါ်လာ) ခန့်သာ ကျသင့်မည်ဟု Air Asia ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

လေယာဉ် လက်မှတ်များကို အထူး ဈေးနှုန်းဖြင့် ရောင်းချပေးမည့် ကာလမှာ ယခုလ ၁၄ ရက်မှ ၂၀ ရက်နေ့ အထိ တပတ် ဖြစ်ပြီး လက်မှတ် တစောင်၏ သက်တမ်း ကာလမှာ ယခုနှစ် ဇူလိုင် ၂၀ မှ လာမည့်နှစ် မေလ ၈ ရက်နေ့ အထိ ဖြစ်ကြောင်း၊ ခရီးသည် ၁၈၀ ခန့် တင်ဆောင် နိုင်သည့် Airbus A-320 အမျိုးအစား လေယာဉ်ဖြင့် ပျံသန်း ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

မလေးရှားတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများ ယခုအခါ မိသားစုများထံ မကြာခဏ အလည်အပတ် သွားနိုင် တော့မည်ဟု Air Asia ၏ ဒေသတွင်း စီးပွားရေးဌာန အကြီးအကဲ Kathleen Tan က ပြောသည်။

“ကမ္ဘာလှည့် ခရီးသွားတွေကလည်း အခုဆိုရင် သူတို့လိုချင်တဲ့ အာရှ အတွေ့အကြုံ စာရင်းထဲမှာ မြန်မာနိုင်ငံကိုပါ ထည့်ထားလို့ ရပါပြီ။ Air Asia ရဲ့ ဒီလိုမျိုး ဈေးကွက်ထိုးဖောက်မှုဟာ မြို့တော် ကွာလာလမ်ပူနဲ့ အရင်ကထက် ပိုမို ဆက်သွယ်ပေးနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်ကို ပြေးဆွဲခြင်းဖြင့် Air Asia သည် အာဆီယံ ၁၀ နိုင်ငံအတွင်း ပျံသန်း ပြေးဆွဲမှုကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော စရိတ်နည်း လေကြောင်းလိုင်း လုပ်ငန်း ကြီးသည် ယမန်နှစ်က အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၁၆၆ သန်းအထိ ရှိခဲ့သည်။
ဧရာဝတီ မှ ကူးယူဖော်ပြသည်။

1 comments:

ချမ်းလင်းနေ said...

သူတို့ကကြော်ငြာထဲသာရေးတာ တို့ဆီက အခု အိတ်ကောက်လွယ်၊ ပတ်စပို့ထည့် လေဆိပ်ဆင်းလို့ရတာမှတ်လို့....

Post a Comment