မဟာသက္ကရာဇ် ၆၈ ခု (၆၂၈ ဘီစီ) ကဆုန်လပြည့် သောကြာနေ့
ဒေ၀ဒဟပြည်အနီး လုမ္ပိနီဥယျာဉ်တွင် ဘုရားအလောင်း သိဒ္ဓတ္တကို မယ်တော် မာယာဒေ၀ီ ဖွားတော်မူစဉ် (ဘုရားလောင်းသည် ဖွားလျှင်ဖွားခြင်းပင် မတ်တပ်ရပ်ကာ ခြေခုနှစ်လှမ်း လှမ်းတော်မူပြီး
"ငါသည် တစ်လောကလုံးထက် မြတ်၏"
ဟုကြုံးဝါးတော်မူသည်။ ဘုရားအလောင်းတော်နှင့်အတူ ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီအမတ်၊ ဆန္ဒအမတ်၊ ကဏ္ဍကမြင်းတော် နှင့် ရွှေအိုးကြီးလေးလုံး စသော ဖွားဘက်တော်ခုနှစ်ဦးပါ ဖွားတော်မူသည်။)
ဖွားမြင်ပြီး ငါးရက်မြောက် ပုဏ္ဏားခုနှစ်ယောက်အနက်မှ အငယ်ဆုံး ကောဏ္ဍညပုဏ္ဏားမှ သိဒ္ဓတ္ထမင်းသားအား ဘုရားရှင် ဧကန်စင်စစ် ဖြစ်လိမ့်မည်ဟု အလောင်းတော်မင်းသားလေး၏ လက္ခဥဏာကို ဖတ်ရှုဟောတော်မူစဉ်
သိဒ္ဓတ္ထမင်းသား သက်တော် ၁၆နှစ်သို့ရောက်သောအခါ ယသော်ဓရာဒေ၀ီနှင့် ထိမ်းမြား၍ နွေ၊မိုး၊ဆောင်း သုံးဥတုရာသီတွင် ရာမ္မ၊ သုဘ ၊ သုရာမ္မ ခေါ်သော နန်းသုံးဆောင်၌ မောင်းမမိဿံများနှင့် စံစားစဉ်
ဂေါတမနွယ်ဖွားဖြစ်သော သိဒ္ဓတ္ထဂေါတမမင်းသား သက်တော် ၂၈တွင် သူအို၊ သူနာ၊ သူသေ နှင့် ရဟန်း စသော နမိတ်ကြီးလေးပါးတွေ့စဉ်
သိဒ္ဓတ္ထမင်းသား တောမထွက်မှီ ယသော်ဓရာ နှင့် သားတော် ရာဟုလာကို မြင်တွေ့ရှူမြင်စဉ်
် ဖွားဘက်တော် ဆန္ဒအမတ်ကို ခေါ်ကာ ကဏ္ဍကမြင်းတော်ကိုစီး၍ သိဒ္ဓတ္ထမင်းသား တောထွက်စဉ်
အနော်မာသောင်ကမ်းတွင် ဆံတော်ပယ်၍ ရဟန်းအဖြစ်ခံယူစဉ်
ဘုရားအလောင်းတော် ခြောက်နှစ်ကြာမျှ ကျင့်ကြံလာသော ဒုက္ကစရိယာကျင့်စဉ်ကို စွန့်လွတ်၍ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ် လိုက်သဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့က စွန့်ခွာတော်မူစဉ်
ကဆုန်လပြည့်နေ့တွင် ညောင်ပင်အောက်၌ သုဇာတာသူဌေးသမီးက သားဆုပန်သော နတ်မင်းအထင်ဖြင့် ရွှေခွက်ဖြင့် ထည့်ထားသော ဃနာနို့ဆွမ်းကို ကပ်လှူစဉ်
ဃနာနို့ဆွမ်းကို အနည်းငယ်မျှ ဘုဉ်းပေးပြီးသော် နေရဉ္စရာမြစ်ကမ်းမှ
"ငါ ဘုရား ယနေ့ဖြစ်မည်မှန်ပါက ရွှေခွက်သည် ရေညာကို ဆန်ပါစေသား"ဟု
အဓိဌာန်ပြုမျှောလိုက်ရာ ရွှေခွက်သည် ရေညာသို့ဆန်၍ ကမ္ဘာနှင့်ချီကာ အိပ်ပျော်နေသော ကာလနဂါးအား သွားထိမိလိုက်စဉ် (အချို့သော ဗုဒ္ဓစာပေများတွင် ဗြဟ္ဗာကြီးလေးပါး လာရောက်လှူတန်းထားသည့် မြသပိတ်လေးလုံး ဆင့်ထားသော သပိတ်ဟုဆိုထားသည်။)
ကဆုန်လပြည့်နေ့တွင် ဗောဓိညောင်ပင်တွင် ဘုရားဖြစ်ရန်ကျင့်နေစဉ် မာရ်နတ်က စစ်သည်ဗိုလ်ပါအလုံးအရင်းဖြင့် လာရောက်နှောက်ယှက်စဉ်
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြည့်ကျင့်လာသော ပါရမီတော်တို့အား မဟာပထ၀ီမြေကြီး သက်သေထား၍ မာရ်နတ်အားအောင်နိုင်ပြီး အာနာပါနကမ္မဌာန်း ဆက်လက်ရှူမှတ်အားထုတ်ရာ ညဥ့်ဦးယံလွန်သော် ဘ၀ပေါင်းများစွာ သိနိုင်သော ပုဗ္ဗေနိဝါသဥာဏ် ရတော်မူပြီး သန်းခေါင်ယံ၌ သုံးဆယ့်တစ်ဘုံတွင်ဖြစ်ပျက်နေကြသော နတ်လူဗြဟ္မာ သတ္တာဝါအပေါင်းတို့အား မြင်တော်မူသော ဒိဗ္ဗစက္ခုဥာဏ် ရတော်မူစဉ်
မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယံတွင် ကိလေသာအပေါင်းအား ပယ်တော်မူသော အာသာဝက္ခယဥာဏ် ရပြီး အာရုဏ်တက်သည်နှင့် သုံးလောကထွဋ္ဋ်ထား သဗ္ဗေညုတဘုရား အဖြစ်သို့ ရောက်တော်မူစဉ်
ဗုဒ္ဓဘုရားရှင်က ဘုရားဖြစ်မြောက်ပြီး သတ္တဌာန ခုနှစ်နေရာ လှည့်လည်တရားအားထုတ်နေချိန် ဗောဓိပင် အရှေ့ မျက်နှာ ၃၂ လံအကွာရှိသော အဇပါလ ဆိတ်ကျောင်းညောင်ပင်ရင်း၌ မာရ်နတ်၏ သမီးတော်သုံးပါးအား တရားပြ ချွတ်တော်မူစဉ်
မုစလိန္ဒအိုင်အနီး ကျဉ်းပင်ခြေရင်း၌ မုစလိန္ဒနဂါးမင်း အစောင့်အရှောက်ဖြင့် မုစလိန္ဒသတ္တာဟ ခုနှစ်ရက်ခံစားတော်မူစဉ်
ဝါဆိုလပြည့် နေ၀င်စအချိန်တွင် ဗုဒ္ဓသည် ပဉ္စ၀ဂ္ဂီငါးဦးကို ဓမ္မစကြာတရား ဟောကြားတော်မူစဉ်
(တစ်ဆယ့်ရှစ်ကုဋေသော ဗြဟ္မာတို့ နှင့်အတူ အရှင်ကောဏ္ဍည သောတာပန်တည်သည်။)
ဘုရားရှင်သည် တပည့်သားသံဃာတော်များ များပြားလာပြီး ရဟန်းကျင့်ကြံနည်းတို့ကို သိရှိစေရန် အလို့ဌာ ပထမအကြိမ် သံဃာ့အစည်းအဝေးကျင်းပပြီး ထိုအစည်းအဝေးတွင် ဘုရားက
"ချစ်သားရဟန်းတို့ ရဟန်းမှန်က သူတစ်ပါးကို မညှဉ်းဆဲရ၊ မကောင်းမှု မပြုအပ်ရ၊ ကုသိုလ်ကောင်းမှုကိုသာ ပြုအပ်သည်။ မိမိစိတ်ကို စင်ကြယ်စွားထားအပ်သည်"
ဟု ဟောတော်မူစဉ်
တပေါင်းလပြည့်နေ့တွင် ဘုရားရှင်သည် ကပိလ၀တ်ပြည်သို့ ကြွလာစဉ် သုဒ္ဓေါဒနမင်းကြီးနှင့် သာကီဝင်မင်းမျိုးတို့သည် မာန်မာနကြီး၍ ဗုဒ္ဓထက် ငယ်ရွယ်သူများသာ ရှိခိုးဦးကြိုကြပြီး ကြီးရင့်သောသူများက ရှိမခိုးပဲရှိနေကြသောကြောင့် ဘုရားရှင်မှ ပေါက္ခရ၀ဿမိုးရွာ၍ တန်ခိုးပြတော်မူစဉ်
(ပေါက္ခရ၀ဿမိုးဆိုးသည်မှာ စိုစွတ်စေလိုသောသူသာ စိုစွတ်၍ မစိုစွတ်လိုသူကို မစိုစွတ်စေသောမိုးဖြစ်သည်။)
ဘုရားရှင်သည် တုသိတာနတ်ပြည်တွင် သန္တုဿိတနတ်သား ဖြစ်သော်မူသော မယ်တော်မာယာအား မွေးကျေးဇူးဆပ်သောအားဖြင့် တာဝတိ`ံ သာနတ်ပြည်သို့ ကြွတော်မူပြီး ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူသည်။ ၀ါကျွတ်သောအခါ ဘုရားရှင် လူ့ပြည်သို့ ပြန်ကြွတော်မူသော် သိကြားမင်းက နတ်ပြည်မှ လူ့ပြည်အထိ လက်ယာ ရွှေစောင်းတန်း၊ လက်ဝဲ ငွေစောင်းတန်း၊ အလယ် ပတ္တမြားစောင်းတန်း လှေကားသုံးသွယ်ဖန်ဆင်း၍ နတ်ဗြဟ္မာတို့က ရွှေထီးတံခွန်၊ ငွေထီးတံခွန်၊ သန္တာထီးတံခွန်များဖြင့် ကိုင်ဆောင်လိုက်ပါကြစဉ်
သက်တော် ၈၀၊ ၀ါတော် ၄၅ ၀ါ အရောက်တွင် သုံးဆယ့်တစ်ဘုံရှိ သတ္တ၀ါအပေါင်းတို့အား နိဗ္ဗာန်ရောက်ရန် အကျင့်တော်မြတ်တို့ကို နေ့ည မပြတ် ညွှန်းပြသွန်သင် ဆုံးမတော်မူခဲ့သော သုံးလူထွဋ္ဋ်ထား မြတ်စွာသော ဗုဒ္ဓဘုရားရှင်သည် မဟာသက္ကရာဇ် ၁၄၈ ခု (ဘီစီ ၅၃၄) ကဆုန်လပြည့် အင်္ဂါနေ့ ညဥ့်အရုဏ်တက်ခါနီး မိုးသောက်ယံတွင် ပရိနိဗ္ဗာန်ပြုတော်မူစဉ်
(ချမ်းလင်းနေ ဘလော့မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်)
လေးစားစွာဖြင့် ငြိမ်းချမ်း
1 comments:
ဘုရားဖြစ်တော်စဉ်ကို ထပ်မံဖတ်ရှုသွားပါတယ်။။
Post a Comment